Jun 2, 2013

ကံကောင်းအောင် လုပ်ယူနည်း

(ရှေးထုံးကိုလည်း မပယ်နဲ့) ကံကောင်းအောင် လုပ်ယူချင်တဲ့လူတွေဟာ ရှေးလူကြီးသူမများ၊ ပုဂ္ဂိုလ်များရဲ့ ဆုံးမစာတွေကိုလည်း လိုက်နာ ကျင့်သုံးသင့်ပါတယ်။ အဲဒီလို လိုက်နာကျင့်သုံးဖို့ မလွယ်ဖူးဆိုပေမယ့် မလွယ်တဲ့အလုပ်ကို လုပ်နိုင်မှ အာဂလူ ဖြစ်မှာပါ။ တောင်ဖီလာဆရာတော်ရဲ့ ဆုံးမစာကို လိုက်နာကျင့်သုံးမယ်ဆိုရင် ကံကောင်းသူတယောက် ဖြစ်လာမှာ သေချာပါတယ်။ ရှေးဟောင်းဆုံးမစာတွေဆိုတော့ တင်စားမှုတွေ ရှိပါတယ်။ တိုက်ရိုက်နားလည် မလည်နိုင်ဘူး။ သေသေချာချာ စဉ်းစားတွေးခေါ်တတ်မှ သိနားလည်ပြီး လိုက်နာနိုင်တာမျိုးတွေပေါ့။ တောင်ဖီလာဆရာတော်ကြီးရဲ့ ဆုံးမစာကိုကြည့်။ (၁) မီးပူးကိုရှောင် (၂) လူလောင်ကိုရှဲ (၃) သူရဲကိုပေါင်း (၄) ဓားကောင်းကိုပြင် (၅) မြင်းလျင်ကိုစီး (၆) ခရီးဟောင်းကိုထွင် (၇) သဘင်ကိုရှု (၈) တန္တုကိုတိုက် (၉) မကိုဋ်တနှုန်း ပန်းမွှေးကိုပန် (၁၀) တံခွန်ကိုနှိပ် (၁၁) အဆိပ်ကိုပြ (၁၂) ကြက်မကို ပုံမှတ်--- ကျင့်ဝတ်အပြား ဆယ့်နှစ်ပါးကို မှတ်သားနာတော်မူလေလော့။ ဖြုန်းခနဲတော့ ဘာတွေရေထားမှန်း သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သေသေချာချာ စေ့စေ့ငုငု လေ့လာကြည့်ရင်တော့ နက်နဲတဲ့ ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကို တွေ့ရမှာပါ။ မီးပူကိုရှောင်-ဆိုတဲ့ စကားဟာ သာမန်ရိုးရိုး ထင်းမီးတို့ ဘာတို့ မီးကိုပြောတာ မဟုတ်ပါဘူး။ မရှောင်တတ်ရင် လောင်မြိုက်တတ်တဲ့ ရတနာသုံးပါးကို တင်စားပြောတာ။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးကို ရိုသေပူဇော်သူတွေဟာ အေးမြချမ်းသာကြပေမယ့် ရတနာသုံးပါးကို ထိပါးစော်ကားသူ တွေဟာ မီးလောင်မြိုက်သလို ပူလောင်ကျွမ်းမြေ့တတ်တယ်ဆိုတာကို သတိပေးထားတာ။ ဒါကြောင့် မီးပူကိုရှောင်-လို့ ဆိုတာပါ။ လူလောင်ကိုရှဲ-ဆိုတဲ့ စာသားကတော့ ပူတတ်၊ လောင်တတ်တဲ့ အဝိဇ္ဇာ တဏှာကို ရှောင်ခိုင်းတာပါ။ သူရဲကိုပေါင်း-ဆိုတာကျတော့ သူရဲဆိုတာ ရဲရင့်သူကိုပြောတာ။ ရဲရင့်သူနဲ့ ပေါင်းခိုင်းတာ။ ဘယ်နေရာမှာ ရဲရင့်တာလဲ အလှူဒါနမှာ ရဲရင့်သူကို ပေါင်းခိုင်းတာ။ အလှူဒါန လုပ်ခိုင်းတာ။ လှူတဲ့နေရာမှာ ရဲရင့်ဖို့ တိုက်တွန်းတာ။ ဓားကောင်းကိုပြင်-ဆိုတာကတော့ ပညာဓားကို ပြောတာ။ ပညာဓားကို ထက်အောင်သွေးခိုင်းတာ။ ပညာရှာဖွေ ကြိုးပမ်းခိုင်းတာပါ။ ပညာကို အမြဲလိုက်စားခိုင်းတာပါ။ မြင်းလျင်ကိုစီး-ဆိုတာကတော့ အလှူဒါနပြုဖို့ပဲ ဖြစ်ဖြစ်၊ ကောင်းတဲ့ကုသိုလ်ရေး လုပ်ဖို့ပဲဖြစ်ဖြစ်၊ နှောင့်နှေးမနေဘဲ လျင်လျင်မြန်မြန် ပြုလုပ်ဖို့ တိုက်တွန်းတာပါ။ ခရီးဟောင်းကိုထွင်-ဆိုတာကတော့ ရှေးအစဉ်အဆက် လိုက်နာခဲ့ကြတဲ့ ထုံးဟောင်းဓမ္မသတ်ကို လေးစားလိုက်နာဖို့ ဆိုလိုတာပါ။ ရှေးထုံးလည်း မပယ်နဲ့-ဆိုတဲ့စကားနဲ့ ဆင်ဆင်တူတာပါပဲ။ သဘင်ကိုရှု-ဆိုတာဟာ ပွဲတွေ၊ စတိတ်ရှိုးတွေ ကြည့်ခိုင်းတာ မဟုတ်ပါဘူး။ တရားသဘင်မှာ ဝင်ထိုင်ခိုင်း တာပါ။ တရားဟောဓမ္မကထိကတွေ တရားဟောတဲ့သဘင်ကို ရှုခိုင်းတာ၊ နားထောင်ခိုင်းတာပါ။ တရားနာခိုင်းတာပါ။ တန္တုကိုတိုက်-ဆိုတာကလည်း ရှေးကလူကြီးသူမများ လုပ်ကိုင်လေ့ရှိတဲ့ ထုံးစံနည်းနာတွေကို ယူဖို့ရှိရင် ယူရမယ့်သဘောကို ပြောတာပါ။ ဥပမာ-ရှေးလူကြီးတွေပြောခဲ့တဲ့ ထုံးစံတွေရှိတယ်။ အကြီးအမားကနေ အသေးအဖွဲအထိ။ ဆိုပါတော့- မိဦး ဖဦး၊ ဆရာဦး၊ ခူး၍အလျင် မစားနဲ့-ဆိုတဲ့ ဆုံးမစကားလို ဘုရား၊ မိဘ၊ ဆရာသမားတို့ရဲ့ အဦးကို မစားရ တာမျိုး၊ ရေနွေးသောက်တဲ့ခွက်နဲ့ ရေအေးမသောက်ရတာမျိုး၊ အိမ်ရှေ့တည့်တည့် တံတွေးမထွေးရတာမျိုး အစပေါ့။ မကိုဋ်တနှုန်း၊ ပန်းမွှေးကိုပန်-ဆိုတာက အမြင့်အမြတ်ကိစ္စကို ပြောတာပါ။ သရဏဂုံသုံးပါး ဆောက် တည် တာကို မကိုဋ်ဆောင်းတယ်လို့ ပြောလိုတာ။ ငါးပါးဦလ ဆောက်တည်တာကို ပန်းမွှေးပန်တယ်လို့ ဆိုလိုတာ။ တံခွန်ကိုနှိပ်-ဆိုတာကတော့ ထောင်လွှားတဲ့မာနတံခွန်ကို မထူပါနဲ့လို့ ဆိုလိုတာပါ။ အဆိပ်ကိုပြ-ဆိုတာကတော့ ကိုယ်ပြုလုပ်မိတဲ့ အပြစ်တွေကို ထုတ်ဖော်ဝန်ခံတတ်တဲ့ အလေ့အကျင့်ကိုလုပ်ဖို့ တိုက်တွန်းတာပါ။ ခက်တာက လူဆိုတာ ကိုယ်ကသာ သူများအပြစ်ကို မြင်တတ်တာ၊ ပျစ်ပျစ်နှစ်နှစ် ဝေဖန်တာ၊ ကိုယ့်ကို အပြစ်ထောက်ပြ ဝေဖန်ရင်ကျတော့ တီကို ဆားနဲ့တို့သလို တွန့်ကုန်ကြရော။ ကြက်မကို ပုံမှတ်-ဆိုတာကတော့ အုပ်ချုပ်သူတွေဆိုရင်တော့ တိုင်းသူပြည်သား၊ အိမ်ထောင်သည်တွေဆိုရင်တော့ မိမိရဲ့ အိမ်သူအိမ်သားများကို ကြက်မကြီးက ကြက်သားအုပ်ကို စောင့်ရှောက်သလို စောင့်ရှောက်ကြရမယ်လို့ ဆိုတာပါ။ အခုပြောခဲ့တဲ့ အချက် ၁၂-ချက်ဟာ အမှန်တကယ် လိုပ်အပ်ချက်ပါပဲ။ ဒီအချက်အလက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် လောကကြီးထဲမှာ အဆင်ပြေပြေနေထိုင်နိုင်ပြီး ကံကောင်းလာနိုင်မှာ သေချာပါတယ်

No comments:

Post a Comment