Jul 6, 2013

အယူအဆ

တစ်ခါက တိုင်းပြည်နှစ်ပြည်မှာ ညီနောင်ဝမ်းကွဲ မင်းနှစ်ပါး အသီးသီးအုပ်ချုပ်လျှက်ရှိသတဲ့။ နောင်တော်မင်းသည် ညီတော်၏တိုင်းပြည်အား စစ်မက်ပြုပြီး သိမ်းပိုက်ဖို့ အမြဲကြံစည်နေတယ်။ တစ်နေ့မှာ လူသူလက်နက်အလုံးအရင်းဖြင့် မြို့အားဝန်းရံပြီး ညီတော်အား .. '' မေးခွန်း (၃)ခုမေးမည် ၊ မဖြေနိုင်က နိုင်ငံကိုသိမ်းမည်။ အားလုံးဖြေနိုင်လျှင် တပ်ရုတ်သိမ်း၍ ပြန်မည် …'' ဟု ရာဇသံပို့သည်။ ညီတော်မင်းလည်း ''မေးခွန်းအား မည်သူဖြေနိုင်မည်နည်း ၊ ဖြေနိုင်သူကို အိမ်ရှေ့စံနှင်း၍ သူကောင်းပြုမည်'' ဆိုပြီးကြေငြာတာပေါ့။ ဒါပေမယ့် ဘယ်သူမျှ မဖြေ၀ံ့ကြဘူးတဲ့ ။ ကိုယ်ဖြေလို့မှားသွားရင်ဖြင့် ဒုက္ခများမှာကိုး .. ။ အဲဒီအချိန်မှာပဲ အမူးသမားတစ်ယောက် စင်ပေါ်တက်လာပြီး ''မေးခွန်းအား ကျုပ်ဖြေမည် ၊ မေးပါ ..'' လို့ ဆိုသတဲ့။ အားလုံးကလည်း အံ့အားသင့်နေကြတာပေါ့။ မဟာပညာရှိကြီး ဆိုပြီး အားကိုးတကြီးနဲ့ ကြည့်နေကြတယ်။ မေးခွန်းတွေကအသံတိတ်တွေ ၊ အမူအရာနဲ့ပဲမေးတယ်။ ပထမမေးခွန်းကိုစမေးတယ် - မေးတဲ့သူက အမူးသမားကို လက်ငါးချောင်းထောင်ပြတယ်။ အမူးသမားက လက်ဆယ်ချောင်း ပြန်ထောင်ပြလိုက်တယ်။ အဖြေမှန်သွားပါတယ် .. ဒုတိယမေးခွန်းက - ရင်ဘတ်ကို လက်ဝါးနဲ့ပုတ်ပြတယ်။ အမူးသမားက ရင်ဘတ်ကိုကော ကျောကိုကော ပြန်ပုတ်ပြလိုက်တယ်။ ဒုတိယအဖြေ မှန်သွားပြန်ပါတယ် .. တတိယမေးခွန်းမှာတော့ - မေးတဲ့သူက အမူးသမားကို လက်သီးလက်မောင်း တန်းပြတယ်။ အမူးသမားက ပုဆိုးပြန်လှန်ပြလိုက်တယ်။ ဒီလိုနဲ့ အဖြေအားလုံးမှန်သွားပါတယ်။ ၀ိုင်းထားတဲ့စစ်တပ်ကြီးလည်း ကတိအတိုင်း ပြန်ရုတ်သွားတယ်။ တိုင်းသူပြည်သားတွေကလည်း ချီးကျူး ၊ ဘုရင်ကလည်း အမူးသမားကို အိမ်ရှေ့အရာနှင်းတာပေါ့။ နန်းတွင်းက ပညာရှိအမတ်တွေဟာ သူတို့တောင် မဖြေနိုင်တဲ့ မေးခွန်းတွေရဲ့ အဓိပ္ပါယ်ကို သိချင်လွန်းတဲ့အဆုံး အသစ်စက်စက် မဟာပညာရှိ အိမ်ရှေ့စံ ကိုယ်တော်လေးထံ ချည်းကပ်မေးမြန်းကြတာပေါ့။ ဒီတော့ မဟာပညာရှိကိုယ်တော်လေးက ရှင်းပြတယ် .. '' အလကားပါဗျာ .. ဒီကောင်တွေက ကျုပ်ကို အရက်သမားမှန်းသိလို့ ထင်တယ် '' ''မင်း တစ်နေ့ကို အရက်ငါးလုံး သောက်နိုင်လား'' လို့မေးတယ် ၊ ကျုပ်ကလည်း ''ငါးလုံးမကဘူး ဆယ်လုံးကုန်အောင်သောက်နိုင်တယ်' 'လို့ ပြန်ဖြေလိုက်တယ်။ ဒီတော့ ''မင်းဒီလိုသောက်တာ ရင်မပူဘူးလား'' ဆိုပြီး ရင်ဘတ်ကိုပုတ်ပြတယ်။ ကျုပ်လည်း ''ရင်တင်မကဘူး ကျောပါပူတာပေါ့ကွာ'' ဆိုပြီးပြန်ပြောလိုက်တယ်။ နောက်ဆုံး ''မင်းဒီလောက်မိုက်တာ ငါနဲ့ချမလား'' ဆိုပြီးလက်သီးလာထောင်ပြတယ်။ ကျုပ်လည်း ''မင်းနဲ့တော့မချဘူး မင်းတို့ကို ဒါပဲထင်တယ်ကွာ'' ဆိုပြီး ပုဆိုးလှန်ပြလိုက်တာ သူတို့ဘာမှပြန်မပြောရဲတော့ဘူးလေ .. ဟား ဟား '' မေးခွန်းတွေရဲ့အဓိပ္ပါယ်အမှန်ကဒီလို .. (၁) မင်းတို့ဘုရင်က ငါးပါးသီလနဲ့ပြည့်စုံလား .. ။ (အမူးသမားက လက်ဆယ်ချောင်းပြန်ထောင်ပြလိုက်တော့ '' ငါးပါးတင်မကဘူး ဆယ်ပါးသီလနဲ့ပါ ပြည့်စုံတယ်'' လို့ထင်သွားတာ) (၂) မင်းတို့ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သလား .. ။ (အမူးသမားက ရင်ဘတ်ကော ကျောကုန်းကော ပုတ်ပြလိုက်တော့ ''ကျောသားရင်သား မခွဲခြားပဲ စောင့်ရှောက်တယ်'' လို့ထင်သွားတယ်) (၃) မင်းတို့ဘုရင်က လက်ရုံးရည်နဲ့ ပြည့်စုံလား .. ။ (ပုဆိုးလှန်ပြလိုက်တာကို '' လက်ရုံးရည်တင်မကဘူး ၊ နှလုံးရည်နဲ့ပါပြည့်စုံတယ်'' လို့ ယူဆသွားတာကိုး ...)

No comments:

Post a Comment