Jun 30, 2013
ပညာ ဟာ လိုအပ်တဲ့ အဆင်အယင်တစ်ခု
by မျိုး ထွဋ် (Notes)
မြင့်မြတ်တဲ့ အရည်အချင်းတိုင်း၊ ကောင်းတဲ့ အရည်အချင်းတိုင်းမှာ အတူတွဲပါလာတတ်တဲ့ မမြင့်မြတ်မှုတွေ၊ မကောင်းမှုတွေ ရှိတတ်တယ်။ အဲဒီကောင်းမှုတွေ၊ မြင့်မြတ်မှုတွေဟာ လိုအပ်သည်ထက် ပိုသွားရင်၊ နယ်နိမိတ်ကို ကျော်သွားရင် မကောင်းမှုထဲကို နစ်မြုပ်သွားတော့တာပဲ။
ရက်ရောသဘောထားကြီးမှုဟာ လွန်သွားရင် လက်ဖွာတဲ့အဖြစ်ကို ရောက်သွားတယ်။ ခြိုးခြံချွေတာခြင်းဟာ လွန်သွားရင် ကပ်စေးနဲတဲ့အဖြစ်ကို ရောက်သွားတယ်။ သတ္တိကောင်းခြင်းဟာ လွန်သွားရင် မိုက်ရူးရဲအဖြစ်ကို ရောက်သွားတတ်တယ်။ သတိထားခြင်းဟာ လွန်သွားရင် ကြောက်တဲ့ အဖြစ်ကို ရောက်သွားတတ်တယ်။ ဒါကြောင့်မို့ ကောင်းမှုကို မှန်မှန်ကန်ကန်လုပ်ဖို့ဟာ မကောင်းမှု ကို ရှောင်ဖို့ထက် ခက်တယ်။
ပညာကို ဉာဏ်နဲ့ မအုပ်တတ်ရင် အမှားတွေ့တတ်တယ်။ ဘဝင်မြင့်တဲ့အဖြစ်ကို ရောက်တတ်တယ်။ ပညာရှိမဟုတ်ဘဲ ပညာရိအဖြစ်ကို ရောက်တတ်တယ်။
အချို့သောပညာရှိများဟာ သူတို့ပညာအတွက် မာနတက်ကြပြီး သူတို့ပြောတာမှ အမှန်ထင်ကြတယ်။ သူတို့ဆုံးဖြတ်တာကိုပဲ လိုက်နာစေချင်တယ်။ ရလဒ်ကတော့ လူ့လောကကြီးဟာ အစော်ကားခံရတဲ့အတွက် မခံချင် ဖြစ်လာတယ်။ ဖိနှိပ်ခံရတဲ့အတွက် နာကျည်းလာတယ်။ ဒီမှာတင် တော်လှန်ဖီဆန်လာတော့တာပဲ။ ဒီလိုအနိုင်ကျင့်မှုကို ခါချချင်တဲ့အတွက် တရားဝင်အာဏာစက်ကိုတောင် စိန်ခေါ်လာကြတော့တာပဲ။ ဒါကြောင့် မင်းဟာ ပညာတတ်လေလေ၊ ရိုကျိုးနှိမ့်ချမှုရှိလေလေ ဖြစ်ရမယ်။စိတ်ထဲမှာ ဘယ်လောက်ပဲ သေချာနေပေစေ မသေချာတဲ့အသွင်ပေါ်အောင်နေပါ။ တစ်ဖက်သားအပေါ်မှာ ငါ့စကားနွားရ မပြောပါနဲ့။ ကျိုးကြောင်းရှိရှိတင်ပြပါ။ တခြားသူကို သဘောပေါက်အောင် ပြောနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို သဘောပေါက်အောင် ပြောတဲ့အသွင်ဆောင်ပါ။
အချို့သောသူများဟာ သူတို့ဘယ်လောက်ပညာတတ်ကြောင်း ပြသချင်တဲ့အတွက်၊ ဒါမှမဟုတ် သူတို့မှာ အတန်းပညာတွေ ဘယ်လောက်ရခဲ့ကြောင်းပြချင်တဲ့အတွက် ရှေးခေတ်ကလူတွေကို ခုခေတ်လူတွေထက် ပိုတော်တဲ့ လူတွေအဖြစ် ချီးမြှောက်ပြောပြီး ခုခေတ်လူတွေကိုတော့ အဆင့်အတန်းမရှိတဲ့လူတွေလို ပြောလေ့ရှိကြတယ်။ သူတို့အိတ်ထဲကို ကြည့်လိုက်ရင်လည်း ရှေးဟောင်းဂန္ထဝင်တစ်အုပ် နှစ်အုပ်လောက်တော့ အမြဲထည့်ထားကြတယ်။ သူတို့က ရှေးခေတ်ကစာတွေကိုပဲ ဖတ်တယ်။ ခုခေတ် စာညံ့ စာဖျင်း၊ စာပေါ့ စာလွင်တွေကို မဖတ်ဘူးလို့ ဆိုကြတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်ကအတွင်းမှာ သိပ္ပံပညာမှာရော၊ အနုပညာမှာရော ဘာမှမယ်ရရ တိုးတက်မှုမရှိခဲ့ဘူးလို့လည်း ပြောကြသေးတယ်။ မင်းဟာ ရှေးဟောင်းစာပေတွေကို မလေ့လာဘဲမနေရုံတင်မကဘူး။ အဲဒီ ရှေးဟောင်းစာပေတွေကို ကျွမ်းကျင်နှံ့စပ်ရမယ်။ ခေတ်စာပေအကြောင်းကို ပြောတဲ့အခါမှာ လှောင်ပြောင်အထင်သေးတဲ့သဘောနဲ့ မပြောပါနဲ့။ ရှေးဟောင်း ဂန္ထဝင်အကြောင်းကို ပြောရာမှာလည်း ကိုးကွယ်ဆည်းကပ်တဲ့ သဘောနဲ့ မပြောပါနဲ့။ အဲဒီအရာတွေကို အကဲဖြတ်ရာမှာ ခေတ်နဲ့ အကဲမဖြတ်ဘဲ သူတို့ရဲ့ အရည်အချင်းနဲ့ အကဲဖြတ်ပါ။အိတ်ထဲမှာ ရှေးဟောင်းဂန္ထဝင်စာအုပ်များ ပါလာခဲ့ရင် ဒီစာအုပ်ကို လူမြင်အောင် မပြပါနဲ့။ ပါလာကြောင်းကိုလည်း မပြောပါနဲ့။
တချို့သော သုခမိန်များဟာ အများနဲ့ဆိုင်တဲ့ဘဝမှာရော၊ ကိုယ်ရေးကိုယ်တာဘဝအတွက်ရော ဆောင်ပုဒ်တွေကို ချမှတ်ရာမှာ မပြောင်းလဲဘဲ အတူတူချမှတ်လေ့ရှိကြတယ်။ ရှေးတုန်းက စာရေးဆရာကြီးတွေ၊ ပညာရှိကြီးတွေလည်း ဒီလိုပဲ အများဘဝနဲ့ ကိုယ်ရေးကိုယ်တာဘဝကို တစ်သဘောတည်း ထားကြတာပဲလို့ ပြောလေ့ရှိတယ်။ အမှန်ကတော့ ရှေးတုန်းက စာရေးဆရာကြီးတွေ၊ ပညာရှိကြီးတွေဟာ အများဘဝနဲ့ ကိုယ်ရေးကိုယ်တာဘဝကို တစ်သဘောတည်း ထားလေ့မရှိကြပါဘူး။ ကမ္ဘာကြီးဖြစ်ပေါ်လာကတည်းက တစ်ခုနဲ့တစ်ခု လုံးဝချွတ်စွတ်တူတဲ့အရာလို့ မရှိနိုင်ဘူး မဟုတ်လား။ နောက်တစ်ချက်က ဘယ်သမိုင်းဆရာ၊ ဘယ်ပညာရှိကဝိကမှလည်း အဖြစ်အပျက်တစ်ခုကို ဖော်ပြရာမှာ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်လို့ တစ်ခါတည်း ပြောနိုင်ခဲ့ကြတာ မဟုတ်ပါဘူး။ အဖြစ်အပျက်ကို သိပြီးမှသာလျှင် အကြောင်းတရားကို လိုက်ရှာကြရတာပါ။ အဖြစ်အပျက်တစ်ခုကို စစ်ဆေးတော့မယ်ဆိုရင် အဲဒီအဖြစ်အပျက်နဲ့တကွ ဒီအဖြစ်အပျက်ကို ပေါ်ပေါက်စေနိုင်တဲ့အခြေအနေတွေကို လိုက်ပြီး ရှာဖွေရတာပါ။ ရှေးက ပညာရှိကဝိတွေက ဆိုခဲ့လို့၊ သမိုင်းဆရာတွေက ဆိုခဲ့လို့ လက်ခံကြတာ မဟုတ်ဘူး။ လုပ်ချင်တယ်ဆိုရင် ရှေးတုန်းက တူသယောင်ရှိခဲ့တဲ့အဖြစ်အပျက်တွေကိုတော့ စဉ်းစားနိုင်တယ်။ ဒါပေမယ့် အကူအညီအဖြစ်သာယူပါ။ လမ်းညွှန်အဖြစ်မယူပါနဲ့။ တို့တစ်တွေဟာ ပညာသင်ကြားမှုကြောင့် တစ်ဖက်စောင်းနင်းဖြစ်သွားပြီး ရှေးက ပညာရှိကဝိတွေက သူတို့ သူရဲကောင်းတွေကို အမွှမ်းတင်တာနဲ့ တို့ကလည်း လိုက်ပြီး ရှေးက အရူးတွေကို အမွှမ်းတင်မိလျက်သား ဖြစ်နေတတ်တယ်။ ရှေးက ဂန္ထဝင်ဆိုတိုင်း အဟုတ်ထင်နေကြတာကိုး။
သူတို့လောက်မဆိုးပေမယ့် သူတို့နီးပါး မသိသားဆိုးရွားတဲ့ ပညာရှိကဝိတွေ ရှိသေးတယ်။ သူတို့ကတော့ မိန်းမတွေနဲ့ စကားပြောရာမှာတောင် ရှေးခေတ်က ဂရိစာပေတွေ၊ လက်တင်စာပေတွေ ကောက်နုတ်ကိုးကားပြီး ကြွားဝါတတ်တဲ့ ပညာရှိမျိုးတွေပဲ။ ဒီလိုလူတွေကတော့ ရှေးခေတ်ဂန္ထဝင်ထဲက စာပိုဒ်ကလေးတစ်ပိုဒ် နှစ်ပိုဒ်လောက်ကို အာဂုံကျက်၊ လူထူထူရှိတာနဲ့ အဲဒီ စာပိုဒ်ကလေးတွေကို အာဘောင်အာရင်း သန်သန်နဲ့ ကောက်နုတ်ကိုးကားပြီး သူတို့ကိုယ်သူတို့ ပညာရှိကဝိ အထင်ခံချင်တတ်ကြတယ်။ ဒါကြောင့်မို့ မင်းဟာ ပညာရှိယောင်ယောင်လို့ အခေါ်မခံချင်ရင်၊ တစ်ပြိုင်နက်တည်းမှာ နလပိန်းတုံးလို့လည်း အထင်မခံချင်ရင် ပညာရှိယောင်မဆောင်ချင်ပါနဲ့။ ပညာရှိယောင်မကြွားဝါပါနဲ့။ လူတွေထဲရောက်ရင် အများသူငါ ပြောတဲ့စကားကို ပြောပါ။ လူတွေပြောသလိုပြောပါ။ ကောက်နုတ်ကိုးကားတာမျိုးတွေ မလုပ်ပါနဲ့။ မင်းရောက်ရှိနေတဲ့ အသိုင်းအဝိုင်းထဲက လူတွေထက်ပိုပြီး ပညာရှိသယောင်၊ ပိုပြီးတတ်သယောင်မပြပါနဲ့။ အိတ်ဆောင်နာရီကို ကိုယ်တစ်ယောက်တည်း သိဖို့ အိတ်ထဲမှာလူမမြင်အောင် ဆောင်ထားသလို ပညာကိုလည်း ကိုယ့်အိတ်ထဲမှာပဲ ဆောင်ထားပါ။ လူတွေရှေ့မှာ နာရီကို ထုတ်ပြပြီး မကြွားပါနဲ့။ ကိုယ့်ကိုဘယ်နှစ်နာရီရှိပြီလဲလို့ လာမေးမှပြောပါ။ မမေးဘဲနဲ့ မပြောပါနဲ့။ အစောင့် သံချောင်းခေါက်သလို နာရီတိုင်း နာရီတိုင်းကို မောင်းခေါက်မနေပါနဲ့။
ချုပ်ပြောရမယ်ဆိုရင်တော့ ပညာ ဟာ အသုံးကျပြီး လိုအပ်တဲ့ အဆင်အယင်တစ်ခုပဲ။
လူလေးသို့ပေးစာများ - မြသန်းတင့် မှ ကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment