Jun 30, 2013
"ယောက်ျား" အသုံးပြုပုံရှင်းလင်းချက်(Manual)
【ပစ္စည်းအမည်】 အများအားဖြင့် ယောက်ျားဟုသုံးနှုန်း၊ လူကြားသူကြားတွင် အမျိုးသားသို့မဟုတ် ခင်ပွန်းဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟုသုံးနှုန်း
【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့် ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်
【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန်ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား ချိုမြိန်တီတာသောစကားများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အညိုဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့်ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်းတွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။ ခါးကုန်းခြင်း၊ ထိပ်ပြောင်ခြင်းသဏ္ဍာန်များ ဖြစ်ပေါ်တတ်သည်။ သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။
【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မိခင်စိတ်ကြီးမားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။
【အသုံးပြုပုံ】တစ်သက်တွင် တစ်ခုသာအသုံးပြုရန် အကြံပြုသည်။
【သတိထားရမည့်အချက်】 ဤပစ္စည်းသည် တစ်ကိုယ်ရေအမျိုးသမီးများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့်အသုံးပြုရမည်။ ဤပစ္စည်းကြောင့် မျက်နှာဖုရောင်၊ အညိုအမည်းစွဲခဲ့လျင် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။ မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။
【အတိုင်းအတာ သတ်မှတ်ချက်】 ဤပစ္စည်းသည် သာမန်အားဖြင့် အလေးချိန်၆၅ကီလိုမှ ၇၅ကီလိုအတွင်း ရှိသည်။ ထိုထက်ကျော်လွန်ခဲ့သော် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
【တားမြစ်ချက်】 မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမကျ"ဟု မပြောရ။
【သိုလှောင်ထားမည့်နေရာ】 သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်း လေရသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက အမျိုးသမီးများသည့်နေရာတွင် မထားရန်နှင့် ညအိပ်ညနေ မထားခဲ့ရန် သတိပြုရမည်။
【အထုပ်အပိုး】 အနောက်တိုင်း၊ အရှေ့တိုင်းဝတ်စုံများကို ရာသီဥတုနှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်။
【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။
【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်လက်စွပ်ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။
【ထုတ်လုပ်သည့်နေရာ】 မိခင်ဝမ်းဗိုက်မှ အရပ်လက်သည် သို့မဟုတ် ပြည်သူ့ဆေးရုံ
【အထူးအသိပေးချက်】 အချစ်ကြီး၊ ခံစားချက်ကြီးသော အမျိုးသမီးများ သတိပြုသုံးစွဲရမည်။ သို့မဟုတ်ပါက စိတ်ရှုပ် စိတ်ညစ်၊ စိတ်ထိခိုက်ကြေကွဲနိုင်သည့် အခြေအနေများ ဖြစ်ပေါ်တတ်သည်။
မူရင်း-- http://tieba.baidu.com/f?kz=39108473
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment